Friday, February 13, 2009

ရိုဟင်ဂျာ ဘယ်သူလဲ ဘာလဲ

အခုဆောင်းပါးကို http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=714:2009-02-13-07-14-19&catid=14:2008-10-21-07-40-03&Itemid=25 ဒီလင့်က ရယူပါတယ်။

Friday, 13 February 2009 14:12 အောင်တင်

မြန်မာပြည်ရဲ့ နယ်စပ်တနံ တလျားမှာ နှစ်နိုင်ငံကိုခွပြီး နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေ ရှိနေပါတယ်။ မြို၊ ခမီး၊ လူချိုင်း၊ မရမာကြီး၊ ရခိုင်၊ ချင်း၊ နာဂ၊ မီဇို၊ ကချင်၊ ရှမ်း၊ ၀၊ ပအို့၊ ပလောင်၊ လီဆူး၊ ပဒေါင်၊ ကရင်၊ မွန်၊ စသဖြင့် တိုင်းရင်းသားအသီး သီးသည် မြန်မာနိုင်ငံဘက်မှာ နေထိုင်ကြသူများရှိသလို တဘက်နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ တရုတ်၊ လာအို၊ ယိုးဒယားနိုင်ငံတို့မှာ နေထိုင်ကြသူများလည်း ရှိပါတယ်။ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးတွေကို မိမိအခြေချနေထိုင်သောနိုင်ငံတွေမှာ ရရှိနေပါတယ်။ ရလဲရသင့်ပါတယ်။ ရပိုင်ခွင့်လဲ ရှိပါတယ်။

အဲဒီတိုင်းရင်းသားတွေလိုပဲ မြန်မာနဲ့ ထိုင်းနိုင်ငံ နယ်စပ်တွေမှာ နှစ်တွေရာထောင်ချီပြီး နေထိုင်ခဲ့ကြတဲ့ ပသျှူးလူမျိုးများ ရှိ နေပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းမှာနေထိုင်တဲ့ ပသျှူးတွေကို ထိုင်းနိုင်ငံက တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားသော် လည်း၊ မြန်မာနိုင်ငံဘက်မှာနေထိုင်တဲ့ ပသျှူးတွေကိုတော့၊ မူလတိုင်းရင်းသား(၁၄၃)မျိုးမှာ တရားဝင်အသိအမှတ်ပြုထားခဲ့ ပေမယ့် မဆလ ခေတ်ကစပြီး ယနေ့တိုင်စစ်အစိုးရအဆက်ဆက်က တိုင်းရင်းသားအဖြစ်က ပယ်ဖျက်ပစ်လိုက်ပါပြီ။ ဘာကြောင့် ပါလဲ။

ရခိုင်ပြည်မှာနေတဲ့ ကမန်လူမျိုးတွေဟာ သမိုင်းအထောက်အထားတွေအရ ဘယ်လိုမှငြင်းမရတဲ့တိုင်းရင်းသားစစ်စစ်တွေ ပါ။ ကမန်လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံမှအပ တခြားဘယ်နိုင်ငံမှာမှ နေထိုင်သူများလည်း မဟုတ်ကြပါဘူး။ မဆလခေတ်အထိ တိုင်းရင်းသားအဖြစ် အသတ်မှတ်ခံထားရပေမယ့် အခု န၀တ၊ နအဖလက်ထက်ကျမှ ဒီလောက်သမိုင်း စဉ်လာအရ အထင်ကရ တိုင်းရင်းသားတွေဖြစ်ကြတဲ့ ကမန်လူမျိုးတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုတော့ ပါဘူး။ သူတို့ကို မှတ်ပုံတင် မထုတ်ပေးတော့ဘူး။ ခရီးသွားလာခွင့် ကန့်သတ်ထားတယ်။ သေမလို့ဖြစ်နေရင်တောင် ရန်ကုန်ကို ဆေးသွားကုဖို့ ခရီးသွားလက်မှတ်ကအစ အင်မတန်ခက်ခဲနေပါတယ်။ ဘာကြောင့်ပါလဲ။

ကိုးကန့်လူမျိုးသည် မြန်မာ့သမိုင်းတလျှောက်လုံးတွင် မည်သည့်အခါမှ တိုင်းရင်းသား မဟုတ်ခဲ့ပါ။ ရှမ်းလူမျိုး အတိုက် အခံ ခေါင်းဆောင်တဦးက ကိုးကန့်ဟာ ရာခိုင်နှုန်းပြည့် တရုတ်လူမျိုးစစ်စစ်ဖြစ်တယ်လို့ ပြောပြခဲ့ဖူးပါတယ်။ န၀တ၊ နအဖတို့က ကိုးကန့်ကို တိုင်းရင်းသားအဖြစ် ထပ်တိုးသတ်မှတ်လိုက်တော့၊ အမျိုးပျောက်မှာ စိုးကြောက်တတ်သူများ ကန့်ကွက်သံ မကြားလိုက်ရပါဘူး။ ဘာကြောင့်ပါလဲ။

ကမန်နဲ့ ပသျှူးလူမျိုးတွေမှာ တူညီမှုတခု ရှိနေတာကိုတော့ ပြောဖို့လိုမယ်ထင်ပါတယ်။ သူတို့တွေဟာ အစ္စလမ်ဘာသာ ကို သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါတယ်။ ကိုးကန့်တို့သည် အစ္စလမ်ဘာသာဝင်များ မဟုတ်ပါ။

နိုင်ငံသားတိုင်းလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိသည်ကို လက်မခံနိုင်သေးသူများရှိနေပါသလား။ ဒါမှမဟုတ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ အစ္စလမ်ဘာသာမှလွဲ၍ အခြားဘာသာများကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိ သည်လို့ ပြဌာန်းဖို့လိုအပ်နေတယ်လို့ ထင်ပါသလား။ ဒါမှမဟုတ် ကျနော်တို့သည် အမေရိကန်သမ္မတ အိုဘားမားပြော သလို ၂၁ ရာစုအတွက် အဆင်သင့် မဖြစ်သေးသူများလား။

ဒီနေရာမှာ စကားညှပ်အနေနဲ့ ထည့်သွင်းပြောကြားလိုတာက ကျနော်သည် ကိုးကန့်ဆန့်ကျင်ရေး၊ တရုတ်မုန်းတီးရေး သမား မဟုတ်သလို တိုင်းချစ် ပြည်ချစ် မြန်မာတရုတ်များကို ချစ်ခင်လေးစားသူလည်းဖြစ်ပါတယ်။ ကျနော်တို့ မြန်မာ မွတ်စလင်များသည် မြန်မာတရုတ်များကဲ့သို့ တိုင်းရင်းသားသွေးပါသူများဖြစ်ပြီး တိုင်းချစ်ပြည်ချစ်များ၊ တိုင်းပြည်အတွက် အသက်စွန့်ကာကွယ်တတ်သူများ ဖြစ်ကြပါတယ်။ မြန်မာပြည်ကို မြန်မာတိုင်းရင်းသားတွေကလွဲလို့ တရုတ်ပဲဖြစ်ဖြစ်၊ ဘင်္ဂါလီပဲဖြစ်ဖြစ် လွှမ်းမိုးလာမှာကို မြန်မာမွတ်စလင်ကော၊ မြန်မာတရုတ်ကော လက်မခံနိုင်ပါဘူး။

ရိုဟင်ဂျာ ဘာလဲ

ရိုဟင်ဂျာကိစ္စကို စမပြောခင် စာဖတ်သူများကို မေတ္တာရပ်ခံလိုတာက ရိုဟင်ဂျာကိုဘယ်လိုမြင်ပါသလဲဆိုတာကို ကိုယ့်ဘာ သာမေးပြီး ကိုယ့်ဘာသာအရင်စမ်းပြီးဖြေကြည့်ပေးစေချင်ပါတယ်။ ရိုဟင်ဂျာတွေကိုလူအဖြစ်အသိအမှတ်ပြုနိုင်ပါသလား။

မေးခွန်းက သိပ်ရင့်သီးတယ်၊ အပြစ်တင်လိုသူများရှိလျင် ယနေ့ ရိုဟင်ဂျာတွေကိုထိုင်းနိုင်ငံမှာ လှေပျက်ထဲထည့်ပြီး ပင်လယ် ထဲမျှောချတာကို တွေ့နိုင်ပါတယ်။ အဲဒါက ထိုင်းပဲ။ ကျုပ်တို့မြန်မာပြည်မှာ ဒါလောက်တော့ မဆိုးသေးပါဘူး ဆိုလာရင် ဆက်ဖတ်ကြည့်စေချင်ပါတယ်။

ကျနော်တို့နိုင်ငံမှာ ရိုဟင်ဂျာတွေကို ခွေးဆိုး၊ ခွေးရူးတွေထက်ပိုဆိုးတဲ့ ဗိုင်းရပ်စ်ရောဂါပိုးလိုသဘောထားတဲ့ ပညာရှင်များ၊ ခေါင်းဆောင်များ ရှိနေပါသေးတယ်။ သူတို့ရေးပြီး လူသိရှင်ကြား ကြေညာထုတ်ဝေတဲ့ ရိုဟင်ဂျာဆန့်ကျင်ရေး Influx Virus ဆိုတဲ့စာအုပ်အမည်ဟာ ရိုဟင်ဂျာတွေကို ရွံရှာမုန်းတီးစရာ ကောင်းတဲ့၊ အင်မတန်အန္တရာယ်ကြီးတဲ့ ဗိုင်းရပ်စ်ပိုးတွေ အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေကို မပြန့်ပွားခင်အချိန်မီအလျင်အမြန် ဖျက်ဆီးပစ်ရသလို ရိုဟင်ဂျာ တွေကို မျိုးတုန်း ဖျက်ဆီးပစ်ရမယ်လို့ ပွင့်ပွင့်လင်းလင်း လှုံ့ဆော်လိုက်ခြင်းဖြစ်ပါတယ်။ အင်မတန် ရက်စက်ကြမ်းကြုတ် တဲ့ အတွေးအမြင်ပါ။

လူမျိုးတွေရဲ့ အမည်ပေးပုံကို ဆက်လက်ဆွေးနွေးလိုပါတယ်။

ရခိုင်လူမျိုးတွေကို မာဂဓဆိုတဲ့စကားက ဆင်းသက်လာတဲ့ မောက်လူမျိုးလို့ခေါ်ခဲ့တယ်လို့ ဖတ်ဖူးပါတယ်။ အာရကန် လူမျိုးလို့လဲ သမိုင်းမှာ အထင်အရှားရှိနေခဲ့ပါတယ်။ သို့သော် အမျိုးကို ချစ်ခြင်း၊ အမျိုးဂုဏ်ကို စောင့်ရှောက်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ ရခိုင်(ရက္ခိုင်)လူမျိုးလို့ခေါ်မှ နှစ်သက်ကြတာမို့ မောက်၊ အာရကန်လို့မခေါ်တော့ဘဲ အားလုံးက ရခိုင် လူမျိုးလို့ခေါ်ကြပါတယ်။

တောင်သူက ပအို့၊ တလိုင်းက မွန်၊ ဂျိန်းဖောက ကချင်၊ ဆီရမ်(Siam)က ထိုင်း(Thai)၊ ဆီလုံ(Ceylon)က သီရိလင်္ကာ (Srilanka)၊ အက်စကီးမိုး(Eskimo)က အိနွတ်(Inuit)လူမျိုး စသဖြင့် မိမိအမျိုးအမည်၊ မိမိနိုင်ငံအမည်ကို မိမိစိတ်ကြိုက် ပြောင်းကြတဲ့အခါ တခြားဘယ်လူမျိုး၊ တခြားဘယ်နိုင်ငံကမှ ငါသဘောမတူရင် ပြောင်းခွင့်မရှိဘူးလို့ မကန့်ကွက်နိုင်ပါဘူး။ ကန့်ကွက်ခွင့် မရှိပါဘူး။ သဘောထားကြီးစွာ၊ နားလည်မှုထားကာ ကာယကံရှင် ကြိုက်နှစ်သက်တဲ့အတိုင်း သတ်မှတ်ခေါ် ဝေါ်ပေးရတာပါပဲ။

ရိုဟင်ဂျာတွေဟာ တိုင်းရင်းသားလား၊ နိုင်ငံသားလား၊ နိုင်ငံခြားသားလားဆိုတာကို ခဏဘေးဖယ်ထားပြီး သူတို့က သူတို့ ကို ရိုဟင်ဂျာလို့ ခေါ်စေချင်တာကို မခေါ်နိုင်ပါဘူးလို့ ငြင်းသင့်ပါသလား။ ငြင်းခွင့်ကော ရှိပါသလား။ သူတို့ကို သမိုင်း မှာ စစ်တကောင်းသားလို့ ခေါ်ခဲ့သည်ဖြစ်စေ၊ ဘင်္ဂါလီကုလားလို့ ခေါ်ခဲ့သည်ဖြစ်စေ၊ ခေါ်တောလို့ ခေါ်ခဲ့သည်ဖြစ်စေ၊ ဒီနာ မည်တွေကို မကြိုက်လို့၊ ဒီနာမည်တွေဟာ နှိမ့်ချခေါ်ဝေါ်တာမို့ မခေါ်ပါနဲ့လို့ တောင်းဆိုတာကို မရဘူး၊ မင်းတို့ နာတာ၊ မကြိုက်တာ ငါဂရုမစိုက်ဘူး။ ငါခေါ်ချင်တာ ငါခေါ်မယ်လို့ တဘက်သားကို နှိမ့်ချပြီး ဆိုသင့် ဆိုထိုက်ပါသလား။

အာဖရိကန်အမေရိကန်တွေကို သမိုင်းတလျှောက်လုံးမှာ အမည်းကောင်(Nigger) လို့ပဲခေါ်ခဲ့ကြပါတယ်။ အမည်းကောင် (Nigger)လို့ပဲ သမိုင်းမှတ်တမ်းတွေမှာ အထင်အရှား မှတ်တမ်းတင်ထားရှိခဲ့တာမို့ အမဲကောင်(Nigger)လို့ပဲ ခေါ်နိုင်မယ် လို့ ခုနေခါမှာ ပြောရဲသူများရှိပါသလား။ သူများတွေရဲ့ နှလုံးသားကို နာကျင်စေတဲ့ စကားလုံးမျိုး၊ အပြုအမူမျိုးကို ရှောင်ရှား ခြင်းသည် စာနာတတ်ခြင်း၊ လူသားဆန်ခြင်း ဖြစ်ပါတယ်။ ဘာသာတရားတွေရဲ့ အဆုံးအမများမှာ ပါရှိပါတယ်။ မြန်မာ့ယဉ် ကျေးမှုနဲ့လည်း ကိုက်ညီပါတယ်။

ရိုဟင်ဂျာသည် တိုင်းရင်းသားလော

မူလကသတ်မှတ်ထားသော တိုင်း ရင်းသားလူမျိုး ၁၄၃ မျိုးထဲမှာ ရိုဟင်ဂျာလူမျိုးက တရားဝင်ပါရှိထားပြီးဖြစ်တယ်။ ကျောင်းသုံးစာအုပ်တွေထဲမှာလည်း၊ တိုင်းရင်းသား ရိုဟင်ဂျာလူမျိုးဆိုပြီး ရေးသားပြဌာန်းထားတာတွေ ရှိခဲ့တယ်။ ရိုဟင် ဂျာတွေက လွတ်လပ်စွာ မဲပေးပြီး ရွေးကောက်တင်မြှောက်ထားတဲ့ ရိုဟင်ဂျာလွှတ်တော်အမတ်တွေ လွတ်လပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ လွှတ်တော်ထဲမှာ အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို၊ ဗဟိုအစိုးရထဲမှာ ကျန်းမာရေးဌာန ပါလီမန်အတွင်းဝန်အဆင့် အထိ တာဝန်ယူခဲ့တာရှိခဲ့တယ်။ မြန်မာ့အသံက တိုင်းရင်းသားအသံတွေကို လွှင့်တဲ့အခါ ရိုဟင်ဂျာအစီအစဉ်ဆိုပြီး ၁၉၆၁ ခုနှစ်ကနေ ၁၉၆၅ခုနှစ် အထိ ရိုဟင်ဂျာဘာသာစကားနဲ့ အသံလွှင့်ပေးခဲ့ တယ်။

စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်းလက်ထက် မှာ မှ အသံလွှင့်အစီအစဉ်သာမက တိုင်းရင်းသားအဖြစ်ကပါ ပယ်ဖျက်ခံခဲ့ရ တယ်လို့ အထောက်အထားများနှင့်ပြဆိုပါ တယ်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတကြီး စပ်ရွှေသိုက်က ရခိုင်ပြည်က မွတ်စလင်တွေဟာ တိုင်းရင်းသား အစစ်အမှန်တွေဖြစ်တယ်။ မြန်မာပြည်မှာ ရာခိုင်နှုန်းပြည့် သွေးမစပ်တဲ့ လူမျိုးဆိုတာ မရှိဘူး။ သူတို့ဟာ တိုင်းရင်းသား မဟုတ်ဘူး ဆိုရင် ငါတို့ (ရှမ်း)တွေလဲ တိုင်းရင်းသား မဟုတ်တော့ဘူးလို့ ဆိုခဲ့ပါတယ်။

တဘက်က အပြန်အလှန် တင်ပြတာက ပြည်ထောင်စုအစိုးရက ဖဆပလတွေ မဲရအောင် ရိုဟင်ဂျာတွေကို တိုင်းရင်းသား အဖြစ် လာဘ်ထိုးတဲ့အနေနဲ့ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်တယ်။ ရိုဟင်ဂျာတွေဟာ တဘက် နိုင်ငံက မကြာသေးခင်ကာလကမှ အလုံးအရင်းနဲ့ စီးပွားရေးအရ ပြောင်းရွှေ့လာတဲ့ ဘင်္ဂါလီများသာဖြစ်တယ်။ သူတို့ကိုလက်ခံလိုက်ရင် သူတို့နောက်က ဘင်္ဂါလီ တွေဆက်ဝင်လာပြီး ရခိုင်တပြည်နယ်လုံးတွင်သာမက မြန်မာတပြည်လုံးမှာ ဘင်္ဂါလီတွေ လွှမ်းမိုးသွားနိုင်တယ် ဆိုတာဖြစ်ပါတယ်။

မြန်မာပြည်ကို လူဦးရေပေါက်ကွဲမတတ်ဖြစ်နေတဲ့ အိမ်နီးချင်း လူမျိုးကြီးနှစ်မျိုးက ၀ါးမျို ဖုံးလွှမ်းသွားမှာကို မဖြစ်မနေတား ဆီးကာကွယ်ဖို့ ကျနော်တို့အားလုံးမှာတာဝန်ရှိတာမို့ အင်မတန်သဘာဝကျပြီးစိုးရိမ်စရာကောင်းတဲ့ထောက်ပြမှုဖြစ်ပါတယ်။
ဒီတာဝန်ကို ထိရောက်စွာ အကောင်အထည်ဖေါ်နိုင်ဖို့က နယ်စပ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေအားလုံး အထူးသဖြင့် ရိုဟင်ဂျာနဲ့ ကိုးကန့်တို့ထံမှ ပြည့်ဝပြတ်သားသော စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်မှု (Uncompromised Commitment to cooperate)ကို မဖြစ်မနေလိုအပ်ပါတယ်။ အုပ်ချုပ်သူအစိုးရများဘက်ကလည်း နယ်စပ်ဒေသအားလုံး မှာ တိကျသောသန်းကောင်စာရင်း(Census)များကို ကောက်ယူ ထိန်းချုပ်နိုင်သော အနေအထား တရပ်ကို ဖေါ်ဆောင် နိုင်ဖို့လိုပါတယ်။

နောက်အရေးကြီးတဲ့ အချက်တခုက ရိုဟင်ဂျာတွေမှာ ဘာသာရေး အစွန်းရောက်၊ လူမျိုးရေး အစွန်းရောက် အဖွဲ့အစည်း တွေရှိခဲ့တယ်။ တိုင်းပြည်ကို ခွဲထုတ်ဖို့ ကြိုးစားခဲ့တဲ့၊ မွတ်စလင်နိုင်ငံတော် တည်ထောင်ဖို့ ကြိုးစားခဲ့တဲ့ အထောက်အထား တွေ ရှိခဲ့တယ်ဆိုတဲ့ ထောက်ပြချက်ဖြစ်ပြန်ပါတယ်။

နိုင်ငံတော် လုံခြုံရေး၊ တိုင်းပြည်မပြိုကွဲရေးတွေနဲ့ ပတ်သက်နေတာမို့ အင်မတန်အရေးကြီးတဲ့ ထောက်ပြချက်ဖြစ်ပြန်ပါ တယ်။ ဒီတရားမျှတတဲ့ စိုးရိမ်ချက်(Legitimate Concern)ကို ရိုဟင်ဂျာ တွေဘက်က အဖြေပေးနိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုအဖွဲ့အစည်းမျိုးတွေ၊ ဒီလိုအစွန်းရောက် အယူအဆတွေ ရှင်သန်လှုပ်ရှား နေတုန်းပဲလား။ ရှိနေရင် ဘယ်လို ပူးပေါင်း တိုက်ဖျက်မလဲ။ မရှိတော့ပါဘူးဆိုရင်တောင် နောင်တချိန်ချိန်မှာ ပေါ်ပေါက် လာနိုင်သလား။ မပေါ်ပေါက်လာအောင် ဘယ်လို ပူးပေါင်းကာကွယ်သွားမလဲဆိုတာတွေ ဖြစ်ပါတယ်။

သို့သော် ရိုဟင်ဂျာဆိုတာ မိမိတသက်မှာ လုံးဝမကြားဖူးပါဘူး၊ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ စကားကုန် ဆိုလာသူများကတော့ မိမိညံ့တာ၊ ဗဟုသုတနည်းတာ၊ မြန်မာ့နိုင်ငံရေးကို နားမလည်တာကို လူမသိ သိအောင် လူလည် ခေါင်မှာ မရှက်မကြောက်နဲ့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြနေသလို ဖြစ်နေပါတယ်။

မဟာပညာကျော်တချို့ကလည်း ရိုဟင်ဂျာတွေဟာ မြန်မာစကားမပြောတတ်တာကြောင့် မြန်မာတိုင်းရင်းသား၊ မြန်မာ နိုင်ငံသားဖြစ်ဖို့နေနေသာသာ မြန်မာ ပြည်မှာတောင် နေထိုင်ကြသူများ မဟုတ်ဘူးလို့ မျက်စိစုံမှိတ် ငြင်းတတ်ပြန်ပါတယ်။ မြန်မာပြည်မှာ မြန်မာစကားကိုလူတိုင်းမပြောတတ်တဲ့တိုင်းရင်းသား ကရင်၊ ချင်း၊ ရှမ်း၊ နာဂ၊ မွန်၊ ကချင်၊ ကယား၊ပလောင်၊ လီဆူး၊ ၀၊ လူချိုင်း စတဲ့ တိုင်းရင်းသားတွေအများအပြား စေ့စေ့ပေါက်ပေါက်ဆိုရင် အမျိုးတရာကျော်လောက်တောင် ရှိနေ နိုင်တာကို သိဟန် မတူကြပါဘူး။

ရိုဟင်ဂျာတွေ ဘယ်တုန်းက ဘယ်လို မြန်မာနိုင်ငံထဲ ၀င်ရောက်လာတယ်ဆိုတာကို ဆွေးနွေးနိုင်တဲ့ စွမ်းရည် ကျနော့်မှာ မရှိပါဘူး။ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုသင့်၊ မပြုသင့်ဆိုတာကိုလည်း မဆွေးနွေးလိုပါဘူး။ ဆွေးနွေးသင့်သော အချိန်ကာလ ရောက်ပြီလို့လည်း မထင်သေးပါဘူး။ ရိုဟင်ဂျာတွေ တိုင်းရင်းသားဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာကို နောင်ဒီမိုကရေစီနိုင်ငံတော်ခေတ်ရောက်သောအခါ၊ ဒေါက်တာ ဦးအေးချမ်း၊ ဒေါက်တာ ဦးအေးကျော်တို့လို ရခိုင်ပညာရှင်တွေ၊ ရခိုင်ခေါင်းဆောင်တွေ၊ ရိုဟင်ဂျာ ပညာရှင်တွေ၊ ရိုဟင်ဂျာ ခေါင်းဆောင်တွေ၊ တခြားလိုအပ်သော နိုင်ငံခေါင်းဆောင်တွေ၊ ပညာရှင်တွေပါဝင်တဲ့ ကော်မရှင်အဖွဲ့ ဖွဲ့စည်းပြီး ဆွေးနွေးဆုံးဖြတ်ခြင်းကသာ အကောင်းဆုံးနှင့် အမှန်ကန်ဆုံးဖြစ်မယ် ထင်ပါတယ်။

ရိုဟင်ဂျာသည် နိုင်ငံသားလော

ဒီနေရာမှာ လူတွေမျက်စိလျှမ်းနေတတ်တဲ့ အရေးကြီးတဲ့ အခြေအနေတရပ်ကို ထပ်ထောက်ပြဖို့လိုနေသေးတယ်လို့ ထင်ပါတယ်။

ရိုဟင်ဂျာတွေကို တဘက်နိုင်ငံက တရားမ၀င်ခိုးဝင်လာသူတွေဆိုပြီး စစ်ဆင်ရေးအမျိုးမျိုးလုပ်လာတဲ့ အပေါ်မှာ ဒီရို ဟင် ဂျာ အမည်ခံ ဘင်္ဂါလီတွေက တဘက်နိုင်ငံသားတွေဖြစ်ကြတာမို့ အစစ်အဆေးမခံနိုင်ဘဲ တဘက်က သူတို့နိုင်ငံထဲကို ထွက်ပြေးသွားတယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်။

ဒါဖြင့်ရင် ဘင်္ဂါလီတွေသာဖြစ်တဲ့ ရိုဟင်ဂျာတွေကို စစ်ဆင်ရေး အကြိမ်ကြိမ်လုပ်ပြီးတိုင်း ဘာလို့အကြိမ်ကြိမ် ပြန်လက်ခံနေ ရတာလဲ။ ကိုယ့်နိုင်ငံသားမဟုတ်ဘူးဆိုရင် ပြန်လက်ခံစရာမလိုပါဘူး။ ပြန်လက်ခံရတယ်ဆိုကတည်းက ထွက်ပြေးသွားတဲ့ တဘက်နိုင်ငံသားဆိုသူတွေဟာ တကယ် တော့ နဂိုကတည်းက ကိုယ့်နိုင်ငံသား ဖြစ်နေလို့ပဲပေါ့။ ရှင်းရှင်းလေးပါ။ သို့သော် ဒီနေရာမှာ တဘက်နိုင်ငံသားတွေ က တရားမ၀င် ခိုးဝင်နေထိုင်နေတာတွေလဲ ရှိနေနိုင်ပါတယ်။ မှန်မှန်ကန်ကန်ဖြစ်အောင် တရားဥပဒေနဲ့အညီ စိစစ်နိုင်ဖို့ လိုပါတယ်။

ဒီအခါမှာ နောက်မေးခွန်းတခုက မေးစရာဖြစ်လာပါတယ်။ ပြန်လက်ခံရမှာကို သိနေရက်နဲ့ ဘာလို့ မောင်းထုတ်တာတွေကို အကြိမ်ကြိမ်လုပ်နေရသလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ အဖြေနှစ်ချက်ကို စဉ်းစားမိပါတယ်။

တခုကတော့ စစ်အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း တတိုင်းပြည်လုံး ရန်ကုန်ကအစ နယ်စပ်တွေအဆုံး မတည်မငြိမ်မှုတွေကို ဖန်တီးထားနိုင်မှ စစ်အာဏာရှင်ဆိုတာမျိုးက သက်ဆိုးရှည်တတ်တာမျိုးဖြစ်လို့ ဖြစ်ပါတယ်။

နောက်တချက်စဉ်းစားမိတာက၊ တိုင်းရင်းသားလူမျိုးတွေထဲက လွတ်လပ်ရေးစိတ်ဓာတ်အပြင်းထန်ဆုံး လူမျိုးစုတွေထဲမှာ ရခိုင်အမျိုးသားက ထိပ်ဆုံးက အုပ်စုထဲမှာပါတယ်လို့ ကျနော်လေ့လာမိသလောက်အရ ထင်မိပါတယ်။ (လူမျိုးစုတွေ လွတ် လပ်ရေးလိုချင်တာ၊ ကိုယ့်လူမျိုးကိုယ်အုပ်ချုပ်ချင်တာ အပြစ်မဟုတ်ပါဘူး။ သဘာဝပါ။ ဒါကြောင့် စစ်မှန်သော ပြည်ထောင် စုကို ဖွဲ့လိုရင်၊ တကယ်ပဲ တိုင်းပြည်အေးချမ်းဖွံ့ဖြိုးလိုရင် တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းနိုင်ခွင့်ကို မဖြစ်မနေ အခြေခံ ရမှာဖြစ်ပါတယ်)။

ရခိုင်ပြည်နယ်ရဲ့ ထူးခြားချက်နောက်တခုက ပြည်မကနေပြီး ဆက်သွယ်ရ အခက်ခဲဆုံး ပြည်နယ်ဖြစ်ခြင်းအပြင် မိမိဘာသာ ရပ်တည်မယ်ဆိုရင် ရပ်တည်နိုင်တဲ့ ပထ၀ီအနေအထားရှိနေခြင်းတို့ကလည်း အထောက်အကူပြုသလိုဖြစ်နေပါတယ်။

ဒီတော့ မဆလအပါအ၀င် စစ်အစိုးရအဆက်ဆက်က ဒီရခိုင်အမျိုးသားတွေကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းစုံကို အသုံးပြုတဲ့ အခါမှာ ရခိုင်ပြည်နယ် မတည်မငြိမ်ဖြစ်ဖို့၊ ရခိုင်လူမျိုးတွေ အားနည်းစေဖို့ ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ ပဋိပက္ခ(Constant in-fighting)ကို အစဉ်မပြတ်ဖြစ်ထွန်းနေအောင် ဖန်တီးခြင်း က လည်း နည်းလမ်းတခုအဖြစ် သုံးစွဲခဲ့ တယ်လို့ ထင်ပါတယ်။

ဒေါက်တာ ဦးအေးချမ်းက သူငယ်ငယ်က ဘူးသီးတောင်က ရိုဟင်ဂျာတွေထဲမှာ ကြီးပြင်းလာကြောင်း၊ အင်မတန် ချစ် ကြည်အေးချမ်းစွာနေခဲ့ကြရကြောင်းကို ပြောပြဖူးပါတယ်။ အေးချမ်းတယ်ဆိုလို့ ရိုဟင်ဂျာနဲ့ ရခိုင်ကြားမှာ ပြဿနာလုံးဝ မရှိဘူးလို့ပြောနေတာတော့ မဟုတ်ပါဘူး။ ဘာသာတူ၊ လူမျိုးတူ၊ စကားတူတဲ့ တရွာတည်းသားတွေတောင် ရွာတောင်ပိုင်း နဲ့ ရွာမြောက်ပိုင်း ဓားခုတ်ပွဲဖြစ်တတ်သေးတာပါပဲ။

ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ် အကူးအပြောင်းတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တချို့ အမြင်မကျယ်မှုတွေကြောင့် ဖြေရှင်းနိုင်တဲ့ ဖြစ်ရိုးဖြစ်စဉ် လူမှုပဋိပက္ခတွေကို ထိန်းမနိုင် သိမ်းမရဖြစ်သွားအောင် တွန်းပို့လေခဲ့သလားလို့ ဆင်ခြင်မိပါတယ်။

ရိုဟင်ဂျာတွေကို နိုင်ငံသားတွေအဖြစ် အသိအမှတ်ပြု လက်ခံထားတဲ့အမြင်ပေါ်မှာ ဆက်လက်ဆွေးနွေးသွားလိုပါတယ်။

နောင်ဖြစ်ပေါ်လာမယ့် ဒီမိုကရေစီရေး၊ အခြေခံလူ့အခွင့်အရေး၊ တိုင်းရင်းသားပေါင်းစုံ တန်းတူညီမျှဖြစ်သော ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးဆိုတဲ့ အခြေခံအချက်ကြီး (၃)ရပ်ပေါ်မှာ အခြေခံပြီး ဆွေးနွေးချင်ပါတယ်။ ဒီအခြေခံ အချက်ကြီး (၃)ရပ်ကို လက်မခံနိုင်သူများကတော့ ကျနော့်ဆွေးနွေးချက်တွေကို လက်ခံနိုင်မယ်မထင်ပါဘူး။

ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် လက်မခံသေးသရွေ့ လူမျိုးစုလွှတ်တော်လို လွှတ်တော်မျိုးမှာ ရိုဟင်ဂျာတွေက လူ မျိုးစုကို ကိုယ်စားပြုပြီး တက်ရောက်ခွင့် မရှိနိုင်ပါဘူး။ သို့သော် လူဦးရေကို အခြေခံတတ်တဲ့ ပြည်သူ့လွှတ်တော်တွင်း မှာ တော့ နိုင်ငံသားဖြစ်တဲ့ ရိုဟင်ဂျာတွေက လွှတ်တော်အမတ်တွေအဖြစ်ပါဝင်နိုင်ပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်ကြ မှာဖြစ် ပါတယ်။

လူမျိုးစုလွှတ်တော်ဆိုတာ လူဦးရေပေါ်မှာ မူမတည်ဘဲ တိုင်းရင်းသားလူမျိုးစုဖြစ်ခြင်းပေါ်မှာ အခြေခံပါတယ်။ သန်းသုံး ဆယ်ကျော်နိုင်တဲ့ မြန်မာလူမျိုးက လူမျိုးစုလွှတ်တော်မှာ နှစ်ယောက်တက်ခွင့်ရှိရင် သိန်းဂဏန်းလောက်ရှိတဲ့ လူမျိုးငယ် တခုကလည်း နှစ်ယောက်တက်ခွင့်ရတတ်တဲ့ လွှတ်တော်မျိုးပါ။ လူမျိုးစုတွေရဲ့ မူလရပိုင်ခွင့်တွေကို တာဝန်ခံထိန်းသိမ်း ကာကွယ်မယ့် အထက်လွှတ်တော်ပုံစံမျိုးဖြစ်ပါတယ်။ အမေရိကန်က ဆိနိတ်(Senate)လိုအဖွဲ့မျိုးနဲ့ ဆင်တူတယ်လို့ ပြောနိုင်ပါတယ်။ ပြည်သူ့လွှတ်တော်ကတော့ လူဦးရေအချိုးအလိုက် တက်ခွင့်ရတတ်တဲ့၊ တကယ့်ကို လူထုအခြေခံတဲ့၊ တနိုင်ငံလုံးကို ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြုတဲ့၊ လုပ်ပိုင်ခွင့်အာဏာပိုများတတ်တဲ့ လွှတ်တော်ဖြစ်ပါတယ်။

အနာဂတ်တိုင်းပြည်ခေါင်းဆောင်များ၊ အထူးသဖြင့် ရခိုင်အမျိုးသားခေါင်းဆောင်များအနေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် အောင်တည်ဆောက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းသာယာရေး၊ အထူးသဖြင့် တရားမ၀င်နိုင်ငံခြားသားများ ၀င် ရောက်လာမှု တားဆီးရေး၊ လုံခြုံရေးတို့ကို ရခိုင်ပြည်နယ်က့ ရိုဟင်ဂျာတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ ထောက်ခံမှုမရဘဲ အကောင်အထည်ဖော်နိုင်မယ် ထင်ပါသလား။ ဖော်သင့်တယ်လို့ကော ထင်ပါသလား။

နောင်တိုင်းပြည်တည်ထောင်ရေးကို အရှည်မျှော်ပြီး ကိုယ်ကနိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတဲ့၊ ကိုယ့်နိုင်ငံသားတွေ ဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်ကိုးစားမှုကို ရနိုင်သမျှရလာအောင် အခုကတည်းက ကြိုးးစားစည်းရုံးဖို့ မသင့်ပေဘူးလား။

ရိုဟင်ဂျာပြည်သူတွေကို အစွန်းရောက် ခေါင်းဆောင်တွေ၊ အစွန်းရောက် အယူအဆတွေနှင့် ကင်းကွာသွားအောင် အကူ အညီပေးသင့်သလား။ ဒါမှမဟုတ် သာမန်ရိုဟင်ဂျာပြည်သူတွေကို အစွန်းရောက် ခေါင်းဆောင်တွေ၊ အစွန်းရောက် အယူ အဆတွေဆီ တွန်းပို့သင့်ပါသလား။ ရိုဟင်ဂျာပြည်သူတွေထဲက အလယ်အလတ်ကျတဲ့(Liberal and Moderate) ခေါင်း ဆောင်တွေ ပေါ်ထွန်းလာအောင် စနစ်တကျ အကူအညီပေးသင့်ပါသလား။ ဒါမှမဟုတ် အဲဒီအလယ်အလတ်ခေါင်းဆောင် တွေကို စိတ်ပျက်အားလျော့အောင် စိတ်ရှုပ်ထွေးအောင် စနစ်တကျ ပိတ်ဆို့ထားသင့်ပါသလား။

အစွန်းရောက် ခေါင်းဆောင်တွေ၊ အယူအဆတွေကို တိုက်ဖျက်ဖို့ အကောင်းဆုံးနည်းက သာမန်ရိုဟင်ဂျာပြည်သူတွေကို ပညာပေး စည်းရုံးလက်တွဲရမယ်၊ အလယ်အလတ် သဘောထားရှိတဲ့ခေါင်းဆောင်တွေကို ဖော်ထုတ်ပေးရမယ်ဆိုတာ နိုင်ငံရေး အခြေခံသင်ပုန်းကြီး ကကြီး၊ ခခွေး ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အမည်ကိုတောင် မကြားချင်တတ်တဲ့ အစွန်းရောက်ပုဂ္ဂိုလ်များကို တချက်လောက် ထပ်ထောက်ပြလိုပါ သေးတယ်။ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်က တယောက်မကျန် မောင်းထုတ်တာမျိုးကို လုပ်နိုင်မယ် ထင်ပါသလား။ မလုပ်နိုင်ဘူးဆိုရင်တော့ ငြိမ်းချမ်းစွာအတူနေနိုင်ဖို့ ဦးဆောင်မှုပေးချင်ပါတယ်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း ဆိုတာကို အချင်းချင်းကြားမှာရှိနေတဲ့ သံသယတွေ၊ စိုးရိမ်မှုတွေကို အပြန်အလှန် လေးစားမှုနဲ့ ဖြေရှင်းခြင်းဖြင့်သာ တည်ဆောက်နိုင်ပါတယ်။ အမိန့်ပေးခြင်းဖြင့် မတည်ဆောက်နိုင်ပါဘူး။ မိမိပြည်နယ်ထဲမှာ ရှိတဲ့ ဒုတိယအင်အားအကြီး ဆုံးဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ လက်မတွဲဘဲနဲ့တော့ ရခိုင်ပြည်နယ် အေးချမ်းတိုးတက်ရေး၊ လုံခြုံ ရေးကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်မတိုးတက်ရင် ရခိုင်ပြည်သူတွေလည်းတိုးတက်လာမှာမဟုတ်ပါ။

နိဂုံးချုပ်အနေနှင့် ရိုဟင်ဂျာလှေစီးဒုက္ခသည်တဦးရဲ့ ရေဒီယိုအင်တာဗျူးကို တင်ပြလိုပါတယ်။ သူက “ဗမာပြည်မှာ ဘယ် လိုမှလဲနေလို့ မရတော့ပါဘူး။ နေ့တိုင်းနေ့တိုင်း အစိုးရက ဒုက္ခပေးနေတာပဲ။ ပင်လယ်ထဲမှာ တခါတည်း သေရင်လည်း သေပစေတော့ဆိုပြီး ထွက်လာခဲ့တယ်” လို့ပြောခဲ့ပါတယ်။ သာမန်ရိုဟင်ဂျာပြည်သူတွေရဲ့ နိစ္စဓူဝ ဒုက္ခကို မည်သူမဆို စာနာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ။

စာရေးသူသည် ကနေဒါနိုင်ငံ တိုရန်တိုမြို့တွင် အခြေစိုက်နေထိုင်သော မြန်မာ့အရေး လှုပ်ရှားသူ တဦးဖြစ်ပါသည်။

No comments:

Post a Comment