Friday, February 13, 2009

ရိုဟင်ဂျာကို စာနာသော မင်းသမီးကို ထိုင်းအစိုးရ မကျေနပ်

Friday, 13 February 2009 18:45 ဇာနည်ဝင်း
E-mail Print
ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး အန်ဂျလီနာ ဂျိုလီ၏ ရိုဟင်ဂျာများ အရေးနှင့် ပတ်သက်သည့် မှတ်ချက် စကားကို ထိုင်းအစိုးရ ခေါင်းဆောင်များက ဘ၀င်မကျ ဖြစ်နေကြသည်။

[UNHCR ၏ ချစ်ကြည်ရေး သံတမန် အန်ဂျလီနာ ဂျိုလီ (ဓာတ်ပုံ - UNHCR)]

UNHCR ၏ ချစ်ကြည်ရေး သံတမန် အန်ဂျလီနာ ဂျိုလီ (ဓာတ်ပုံ - UNHCR)
“သူ့အဆင့်က (ရိုဟင်ဂျာတွေ) အရေးနဲ့ ပတ်သက်ပြီး မှတ်ချက် ချနိုင်တဲ့ အဆင့် မဟုတ်ပါဘူး” ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ အရာရှိ မစ္စတာ Tharit Charungvat က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

နိုင်ငံခြားရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် မစ္စတာ Virasakdi Futrakul ကလည်း “UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး)ကို ကျနော်တို့ သတိပေးရမယ်၊ သူတို့ ဒီလိုမျိုး မှတ်ချက် မချသင့်ဘူး၊ သူတို့မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်မှ မရှိတာ” ဟု ဝေဖန်လိုက်သည်။

အန်ဂျလီနာ ဂျိုလီက “မြန်မာပြည်မှာ နေတဲ့ ရိုဟင်ဂျာတွေရဲ့ ဘ၀တွေ တိုးတက် ကောင်းမွန်ပြီး အခြေအနေတွေ တည်ငြိမ်လာမယ် လို့ မျှော်လင့်ပါတယ်။ ဒါဆိုရင် သူတို့ အန္တရာယ် ရှိတဲ့ ခရီးလမ်းကို ဖြတ်ပြီး ထွက်ပြေးရတဲ့အထိ စိုးရိမ်ပူပန်ဖို့ လိုတော့မှာ မဟုတ်ဘူး။ - - - တခြား လူတွေ လိုပဲ သူတို့လည်း အခွင့်အရေး ရသင့် ရထိုက်ပါတယ်” ဟု ပြီးခဲ့သည့် အပတ်က ထိုင်း မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းသို့ သွားရောက်ပြီးနောက် ပြောကြားခဲ့သည်။

ဂျိုလီသည် UNHCR ၏ ချစ်ကြည်ရေး သံတမန်အဖြစ် လွန်ခဲ့သည့် ၈ နှစ်မှ စတင်၍ ဆောင်ရွက်နေသူ ဖြစ်သည်။

ပြီးခဲ့သည့် အပတ်က ကရင်နီ (ကယား) ဒုက္ခသည်စခန်းသို့ ဂျိုလီ သွားရောက်ခဲ့သည့် ခရီးစဉ်သည် ရိုဟင်ဂျာများ အရေးနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ ထို့ကြောင့် ရိုဟင်ဂျာများနှင့် ပတ်သက်၍ မှတ်ချက်ချခြင်း မလုပ်သင့်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန်က သတိပေးလိုက်သည်။

ထိုင်းအစိုးရသည် လှေဖြင့် ရောက်လာသော ရိုဟင်ဂျာများအရေးကို ကြမ်းကြမ်း တမ်းတမ်း ကိုင်တွယ်ခဲ့သည်ဟု ဝေဖန်ခံနေရသည်။ ထိုင်းအာဏာပိုင်တို့က ရိုဟင်ဂျာများကို လှေပေါ်တင်ပြီး ပင်လယ်တွင်းသို့ မောင်းထုတ်ခဲ့သည် ဟူသော စွပ်စွဲမှုများ ပေါ်ထွက်နေသည်။

ထိုင်းဝန်ကြီးချုပ် မစ္စတာ အဖိဆစ် ဝေ့ချာချီဝက ရိုဟင်ဂျာများကို ပင်လယ်အတွင်းသို့ မောင်းထုတ်ခဲ့သည့် “ဖြစ်ရပ်တချို့” ရှိခဲ့သည်ဟု CNN သတင်းဌာနနှင့် ယမန်နေ့ကပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားလိုက်သည်။

အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိသွားသော လှေတစီးပေါ်မှ ရိုဟင်ဂျာများ၏ ထုတ်ဖော်ပြောဆိုချက်များ ထွက်ပေါ်လာပြီးနောက်တွင် ထိုင်းဝန်ကြီးချုပ်၏ ၀န်ခံချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုအုပ်စုတွင် ရိုဟင်ဂျာ ဦးရေ ၂၀၀ ခန့် ပါဝင်ပြီး ထိုင်းအာဏာပိုင်တို့သည် ၎င်းတို့အား အစာရေစာ အနည်းငယ်သာ ပေးကာ ပင်လယ်ထဲသို့ မောင်းထုတ်ခဲ့သည်ဟု ဆိုသည်။

ရိုဟင်ဂျာများ ထွက်ခွာခဲ့ရာ နိုင်ငံများ ဖြစ်သည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့က ရိုဟင်ဂျာများသည် မိမိတို့ နိုင်ငံများမှ မဟုတ်ဟု ငြင်းဆန်ကြသည်။

ဤအတောအတွင်း မြန်မာ စစ်အစိုးရ သံတမန်တဦးက ရိုဟင်ဂျာများသည် အသားညိုမည်းပြီး “ဘီလူးကဲ့သို့ ရုပ်ဆိုးသူများ” ဖြစ်သည်ဟု ပြောလိုက်သည်။

ဟောင်ကောင်ရှိ စစ်အစိုးရ ကောင်စစ်ဝန်ရုံး အကြီးအကဲ ဦးရဲမြင့်အောင်က ဟောင်ကောင်နှင့် မကာအို ကျွန်းဆွယ်ရှိ သံတမန်များသို့ ဖက်စ်ဖြင့် ပေးပို့သည့် စာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

“ရိုဟင်ဂျာတွေက အသားညိုတယ်၊ မြန်မာတွေက အသားလတ်တယ်၊ ရုပ်ချောတယ်” ဟု ဦးရဲမြင့်အောင်က စာတွင် ရေးသားထားသည်။

No comments:

Post a Comment